သည်းခြေကျောက်တည်ခြင်းဆိုတာ ဘာလဲ
တွင်းထွက် စိန်ကောင်းကျောက်ကောင်းဆို တန်ဖိုးရှိပေမယ့် ခန္ဓာကိုယ်ကထွက်တဲ့ သည်းခြေကျောက်ကတော့ တန်ဖိုးမရှိတဲ့အပြင် ခွဲစိတ်ကုသဖို့လိုအပ်ရင် ငွေပါကုန်တတ်တာမျိုးပါ။ တခါတလေ ခွဲစိတ်ပြီးတဲ့ ကျောက်ကိုပြတဲ့အခါ စိတ်နာနာနဲ့ အမှတ်တရ လက်စွပ်လုပ်ဝတ်ပစ်မယ်ဆိုတဲ့ လူနာမျိုးလည်း တွေ့ဖူးပါတယ်။
သည်းခြေကျောက် ဘာကြောင့်ဖြစ်လဲ?
သည်းခြေဟာ ဝမ်းဗိုက်ညာဘက်ပိုင်း အသည်းရဲ့အောက်ဘက်မှာ ကပ်လျက်ရှိတဲ့ အင်္ဂါတစ်ခုပါ။ သည်းခြေအိတ်ထဲမှာ အစာခြေရည်တွေ အနည်ထိုင်ရာက တဖြည်းဖြည်းစုလာပြီး သည်းခြေကျောက်ဆိုတာ ဖြစ်လာပါတယ်။ အောက်ပါအချက်တွေကြောင့်လည်း အသည်းထဲမှာ ကျောက်တည်စေနိုင်ပါတယ်။
- အစာခြေရည်ထဲမှာ ကိုလက်စထရော များခြင်း
အစာခြေရည်ဟာ ကိုလက်စထရောကို ပုံမှန်ခြေဖျက်ပေးပါတယ်။ ကိုလက်စထရောတွေ အရမ်းများလာတဲ့အခါ မခြေဖျက်နိုင်တော့ဘဲ စုပုံလာပြီး ကျောက်ဖြစ်လာတာပါ။
- အစာခြေရည်ထဲမှာ Bilirubin ဓာတ်များခြင်း
Bilirubin ဆိုတာ သွေးနီဥတွေကို ချေဖျက်ရာမှ အသည်းက ထွက်လာတဲ့ ဓာတ်ပစ္စည်းတစ်ခုပါ။ အသည်းမကောင်းတာ၊ သည်းခြေပြွန်ပိတ်တာနဲ့ သွေးရောဂါတွေကြောင့် အစာခြေရည်ထဲ Bilirubin တွေများလာရာက ကျောက်ဖြစ်လာပါတယ်။
- သည်ခြေအိတ်ထဲမှာ အစာခြေရည်တွေ အမြဲရှိနေခြင်း
ပုံမှန်အားဖြင့် အစာခြေလုပ်ငန်းပြီးတဲ့အခါ သည်းခြေအိတ်ထဲက အစာခြေရည်တွေကို စွန့်ထုတ်ပစ်လိုက်ပါတယ်။ အစာခြေရည်တွေ ကုန့စင်အောင် မစွန့်ထုတ်နိုင်ဘဲ သည်းခြေအိတ်ထဲမှာ အနည်ထိုင်နေတဲ့အခါလည်း သည်းခြေကျောက် ဖြစ်နိုင်ပါတယ်။
အဖြစ်များတဲ့သူတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- အမျိုးသမီးတွေ
- အသက် ၄၀ ကျော်တဲ့သူတွေ
- ဝတဲ့သူတွေ
- ကိုလက်စထရောနဲ့ အဆီအစားများပြီး အမျှင်ဓာတ်ပါတာ အစားနည်းတဲ့သူတွေ
- ဆီးချိုရှိသူတွေ
- သွေးဖြူဆဲလ်ကင်ဆာလို သွေးရောဂါရှိသူတွေ
- ကိုယ်ဝန်တားဆေးနဲ့ ဟော်မုန်းအစားထိုးကုသမှုလို အီစထရိုဂျင်ပါတဲ့ဆေး စွဲသောက်နေသူတွေ
- အသည်းရောဂါရှိသူတွေ စသူတွေမှာ အဖြစ်များပါတယ်။
သည်းခြေကျောက်ရှိပေမယ့် ရောဂါလက္ခဏာမပြရင် မစိုးရိမ်ရပါဘူး။ အကယ်၍ ဝမ်းဗိုက်ညာဘက်ခြမ်း ဒါမှမဟုတ် ဗိုက်တပြင်လုံးအောင့်တာ ချမ်းတုန်ပြီး ဖျားတာ? အသားဝါတာ တစ်ခုခု ရှိလာရင်တော့ ခွဲစိတ်ကုသဖို့ လိုအပ်ပါလိမ့်မယ်။
သည်းခြေကျောက်မတည်အောင် ဆိုရင်တော့ အဝမလွန်အောင် ကိုယ်အလေးချိန်ထိန်းတာ၊ ကိုယ်လက်လှုပ်ရှားလုပ်တာ၊ အဆီအအိမ့်တွေလျှော့ပြီး အမျှင်ဓာတ်များများပါတဲ့ အသီးအရွက်တွေစားတာမျိုး လုပ်သင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ - ယဉ်ရေ